တံတား ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့ နံနက် (၇)နာရီ အချိန်က ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် လက်သည်းခြေသည်း ညှပ်ပေးခြင်း၊ သွေးတိုး၊ ဆီးချိုရောဂါများကဲ့သို့သော နာတာရှည်ရောဂါများအပြင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး၊ ဖျားနာခြင်းများကဲ့သို့သော ရောဂါများကိုလည်း အခမဲ့ စမ်းသပ်ကုပေးလျက်ရှိကြောင်း အဘိုး၊ အဘွားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဦးဆောင်၍ သက်ကြီးဘိုးဘွားများအတွက် လိုအပ်သော ဆေးပစ္စည်းများနှင့် အာဟာရများကို ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့်အပြင် မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း ဖြည့်ဆည်း လှူဒါန်းပေးလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖြိုးသီဟ (တံတားပြန်/ဆက်)