ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး ဟောပြောပွဲကျင်းပ

ဇေယျာသီရိ ဇူလိုင် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အားကစားခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဇေယျာသီရိမြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်၊ အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးမြင့်အောင်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်း၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်း အနားတွင် ဦးခင်မောင်လွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုဟောပြောပွဲတွင် ဟောပြောပေးသည့်အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လိုက်လံမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်  အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်အောင်က လူကုန်ကူးမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ လူကုန်ကူးခြင်း ခံရနိုင်သည့်သူများနှင့် လူကုန်ကူးမှုခံရပါက တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များ အကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်ချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)