ကျောက်ဆည် ဇူလှိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငရုပ်စိုက်တောင်သူ များအနေဖြင့် ငရုပ်သီးနှံများစိုက်ပျိုးရာတွင် ဆည်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် အမျိုးမျိုး စိုက်ပျိုးကြကြောင်းနှင့် ယခုနှစ်တွင်ငရုပ်စိုက်ခင်းများ အပင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်းကောင်းမွန်သဖြင့် ငရုပ်သီးနှံစိုက်ပျိုး သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် (၆၉၂) ငရုပ်မျိုးများ အဓိထားစိုက်ပျိုးကြောင်း စိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်လွယ်ကူစေရန်အတွက် ဘောင်များပြုလုပ်၍ တစ်ပင်တန်း၊ နှစ်ပင်တန်း (စွယ်စုံ) ဟူ၍ အမျိုးမျိုး စိုက်ပျိုးကြကြောင်း ငရုပ်သီးအခြောက်တစ်ပိဿာ ငွေကျပ် (၁၁၀၀၀) မှ (၁၃၀၀၀) ကျပ်ရောင်းချ ရကြောင်း မင်းစုကျေးရွာမှ ငရုပ်စိုက်တောင်သူ ဒေါ်သန်းနွဲ့က ပြောပြသည်။
ငရုပ်တစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်အပြုအစုအပေါ်မူတည်၍ ငွေကျပ် (၁၀၀၀၀၀၀) ကျပ်နှင့် (၁၅၀၀၀၀၀) ကျပ်အထိကုန်ကျစရိတ်ရှိကြောင်း အပင် ကောင်းပြီး အသီးအထွက်နှုန်းကောင်းပါက အခင်း ဖျက်သိမ်းချိန် (ရာသီကုန်) သည်အထိ ငရုပ်သီးအခြောက် တင်းပေါင်း (၂၀၀) တင်းခန့်ရရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ငရုပ်သီးနှံများကို ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် အဓိကစိုက်ပျိုးကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)