ကျောက်ဆည် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် Green Tricho ဇီဝမှိုသတ်ဆေး ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်ဆည်မြို့၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဇီဝမှိုသတ်ဆေး ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းပေးအပ်နိုင်ခြင်းအတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ပြည်သူ့အကျိူးပြု ထုတ်ကုန်များထုတ်လုပ်၍ ဇီဝနည်းပညာသတင်းအချက်အလက်များ ဆက်လက်ဖြန့်ဝေဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမင်းသန်းက Green Tricho ဇီဝမှိုသတ်ဆေးထုတ်လုပ်မှု နည်းပညာနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး နည်းပညာလွှဲပြောင်းလက်ခံသူ ဦးကျော်ထွန်းစိုးက ဇီဝမှိုသတ်ဆေးသည် တောင်သူ အများစု လက်ခံအသုံးပြုလျက်ရှိပြီး အပင်များကို သဘာဝမြေဩဇာထက် ပိုမိုကောင်း မွန်စေကြောင်း နည်းပညာလွှဲပြောင်းလက်ခံရယူလိုသည့်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက နည်းပညာလွှဲပြောင်းစာချူပ်အား ပေးအပ်ခဲ့ သည်။
ထို့နောက် နည်းပညာလွှဲပြောင်းလက်ခံသူ ဦးကျော်ထွန်းစိုးက ကျောက်ဆည်မြို့ ဇီဝနည်းပညာ သုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာဝင်းမင်းသန်းထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူး၊ ဒေါက်တာမြတ်မင်းက နည်းပညာ လွှဲပြောင်းလက်ခံသူ ဦးကျော်ထွန်းစိုးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်ထောက်ပံ့မှုများ ကူညီပံ့ပိုးပေးသော မြဘုရင်နို့ချက်စက်ရုံမှ မန်နေဂျာချူပ် ဦးထွန်းလွင်တို့အား ကျေးဇူးတင်လွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်းနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ တာဝန်ရှိသူက ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဇီဝနည်းပညာသုတေသနပြခန်းအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)