သုံးခွမြို့နယ် စပါယ်‌ချောင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဖွင့်လှစ်

သုံးခွ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး‌၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် စပါယ်ချောင်ကျေးရွာဓမ္မာရုံ၌ ဇူလိုင် ၄ ရက်နေ့နံနက်၁၀နာရီကအသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်ကသင်တန်းဖွင့် အမှာစကား‌ပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်နှင်းချိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားရာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊ ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်းစသည်ဖြင့်ပြောကြားသည်။

အဆိုပါသင်တန်းသို့သင်တန်းသား/သူ (၂၀) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြနှစ်ဦးတို့က စာ‌တွေ့လက်‌တွေ့ (၄၅) ရက်ကြာ သင်တန်းပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု မော်တာအပ်ချုပ်စက်သင်တန်းပြီးဆုံးပါက သင်တန်းတက်ရောက်သည့် သင်တန်းသား/သူများသည် အလုပ်အကိုင်အခွင့်အလမ်းရရှိလာခြင်း၊ မိသားစု၏၀င်ငွေကို တစ်ဒေါင့်တစ်နေရာမှ ပံ့ပိုးကူညီနိုင်ပြီး မိသားစုအပို၀င်ငွေရရှိလာခြင်း၊ ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်း စသည့်အကျိုး ကျေးဇူးများကိုရရှိလာမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် စပယ်ချောင်ကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံကာ စာရင်းဇယားနှင့် မြစိမ်း‌ရောင်ချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်‌နေမှုများအားကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကိုမှာကြားခဲ့‌ကြောင်းသိရှိရသည်။

ဆက်လက်၍ မွမ်းမံရန်ပုံငွေဖြင့် မြေသားရေကန်အနက်နှိုက် ဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကိုလည်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်တို့နှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)