ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ(ကျိုင်းတုံ)ကွပ်ကဲမှုအောက်ရှိ ခရိုင်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲကျင်းပ

ကျိုင်းတုံ  ဇူလိုင်  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဗုဒ္ဓသာသနာတော်ထွန်းကာပြန့်ပွားရေးနှင့် ပါဠိအသံထွက် မှန်မှန်ကန်ကန် ရွတ်ဖတ်ပူဇော်တတ်စေရန်အတွက် ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) ကွပ်ကဲမှုအောက်ရှိ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ် ဆိုပူဇော်မှုပြိုင်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျိုင်းတုံမြို့သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)ကွပ်ကဲမှုအောက်ရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်နှင့် မိုင်းယောင်းခရိုင်များမှ ဝတ်ရွတ်အသင်း (၄)သင်း ပါဝင်ရွတ်ဆိုပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် သံဃာတော်အမှတ်ပေးဒိုင်များအဖြစ် ကျိုင်းတုံမြို့၊ ရပ်တော်မူ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ဆရာတော်ဘဒ္ဒန္တတေ ဇနိယ ဦးစီးဆရာတော်(၃)ပါးနှင့် လူပုဂ္ဂိုလ်ဒိုင်များအဖြစ် ပြည်နယ်သာသနာရေးဦးစီးမှူး ဦးထွန်းမင်းအောင်၊ ကျိုင်းတုံတက္ကသိုလ် ရူပဗေဒဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်အေးအေးမူးနှင့် မိုင်းလားခရိုင်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမောင်တို့မှ အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့   ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စုစုလှိုင်၊ ခရိုင်အဆင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)