ပေါ်ဦးပေါ်ဖျား ကြောင်လျှာသီး၊ ကြောင်လျှာပွင့်များ ဈေးကွက်အတွင်း ဈေးကောင်းရရှိနေ

ညောင်ဦး ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ခြံစည်းရိုး၊ ယာစည်းရိုးတို့တွင် စိုက်ပျိုးထားသည့် ပေါ်ဦးပေါ်ဖျား ကြောင်လျှာသီး၊ ကြောင်လျှာပွင့်များ ဈေးကောင်းရရှိနေကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဂွေးကုန်းကျေးရွာ ကြောင်လျှာသီး၊ ကြောင်လျှာပွင့် ရောင်းချသူများထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် ကြောင်လျှာပင်များကို စိုက်ခင်းများတွင် သပ်သပ် စိုက်ပျိုးခြင်းမရှိပဲ အိမ်ခြံစည်းရိုး၊ ယာခြံစည်းရိုးများတွင် စိုက်ပျိုးထားကြပြီး အပွင့်ပွင့်ချိန် ကြောင်လျှာပွင့် ကောက်ယူ ရောင်းချကြပြီး တစ်ပိဿာ (၇၀၀၀)ကျပ်ရောင်းချနေရပြီး၊ ကြောင်လျှာသီး တစ်တောင့် (၇၀၀)ကျပ်မှ (၁၀၀၀)ကျပ် ထိရောင်းချနေရခြင်းကြောင့် တစ်ဖက်တစ်လမ်းမှ မိစားစုဝင်ငွေ တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ကြောင်လျှာပင်များကို အိမ်ခြခံစည်းရိုး၊ ယာခြံစည်းရိုးများတွင် အလေ့ကျပေါက်ရာမှ အပွင့်ပွင့်၊ အသီးသီးကာ ကြောင်လျှာပွင့်များ ကောက်ယူရောင်းချခြင်း၊ ကြောင်လျှာသီးများ ခူးဆွတ်ရောင်းချကြကြောင်း ကြောင်လျှာပင်တစ်ပင် အသီး ၁၀ တောင့်မှ ၃၅ တောင့်ထိသီးကြောင်း၊ ကြောင်လျှာသီးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းလာချိန် ခူးဆွတ်မရောင်းကြတော့ပဲ ကြောင်လျှာသီးရင့်ကာ အစေ့များကျရောက်ပြီး အလေ့ကျအပင်များ မခုတ်ပဲထားရှိကြကြောင်း၊ ကြောင်လျှာသီးကို ချက်စားခြင်း၊ သုပ်စားခြင်း၊ ချဉ်စိမ်စားကြခြင်းနှင့် အပွင့်ကိုသုတ်စားခြင်း၊ ချက်စားခြင်းများလည်းရှိကြောင်း သိရပြီး ကြောင်လျှာသီး ပေါ်ဦးပေါ်ဖျား တစ်တောင့် ၇၀၀ ကျပ်မှ တစ်ထောင်ကျပ်ထိ ရောင်းချနေရကြောင်း သိရသည်။

ဒီပါလင်း