လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၅

ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် ဆိုရိုးစကားနှင့်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်ရေးရာဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီး ဒေါ်လှလှနွယ်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကိုယ်ကာယကျန်းမာအောင် နေထိုင်နည်းများ၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် လေ့လာသင့်သည့် စာပေများ၊ ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်နည်းများ၊ မိတ်ဆွေသူငယ်ချင်း ကောင်းများပေါင်းဖော်နည်းများနှင့် ဘဝအောင်မြင်ကြီးပွားရေး ဆိုင်ရာများကို ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်မှ လူငယ်နှင့် အားကစား‌ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်းသိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ လူငယ်များက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)