ရပ်စောက် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တွင် Mask မတပ်ဘဲ မြို့တွင်းသွားလာသူများအား ယနေ့ နံနက်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ စစ်ဆေး ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းမှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းသားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့တွင်းသွားလာ သူများ Mask တပ်ဆင်သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လိုက်နာသွားလာမှု ရှိစေရေး အသိပညာပေးခြင်းတို့ကို ပင်းတယ − ရပ်စောက် သွားလမ်း၊ အမှတ်(၆၂)သစ်စက်အနီး၊ မြို့လယ်နာရီစင်အနီး ဗထူးတပ်မြို့သွားလမ်း လှဆန်းယဉ် ဧည့်ရိပ်သာရှေ့၊ ရပ်စောက်မြို့တွင်းသွားလမ်း တော်ဝင်ဆေးခန်းအနီးနှင့် မိုဘိုင်းလှည့်လည် စစ်ဆေးသောအဖွဲ့များစုဖွဲ့၍ ကြပ်မတ် စစ်ဆေးစေခဲ့ပြီး Mask တပ်ဆင်ခြင်း မရှိဘဲသွားလာနေသူများအား အရေးယူဆောင်ရွက်သည့်အနေဖြင့် Mask တစ်ခု ၂ဝဝ ကျပ် နှုန်းဖြင့် ချက်ချင်းဝယ်၊ချက်ချင်းတပ်ဆင်စေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်း(ပြန်/ဆက်)