စမ်း​ချောင်းမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသူများ၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ပါးစပ်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

စမ်းချောင်း  အောက်တိုဘာ   ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  နေအိမ်ပြင်ပထွက်ခွာသူများ၊  စျေးရောင်းသူများနှင့် စျေးဝယ်သူများ ပါးစပ်၊နှာခေါင်းစည်း (Mask)များ တပ်ဆင်ခြင်း ရှိ၊မရှိ  စစ်ဆေးကြပ်မတ်ခြင်းကို ယမန်နေ့ နံနက်(၈:၀၀)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ  မြို့နယ်တွင်းရှိ စျေးများအတွင်းတွင် အဖွဲ့(၂)ဖွဲ့ခွဲကာ နေအိမ်ပြင်ပ ထွက်ခွာသူများ ၊ စျေးရောင်း၊ စျေးဝယ်များအား ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေး ကြပ်မတ်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင်  mask တပ်ဆင်လာခြင်း မရှိသူများအား  တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း mask မဖြစ်မနေ တပ်ဆင်ရန်နှင့် ခပ်ခွာခွာ    ( Social  Distancing ) နှင့် အညီ နေထိုင်ကြရန်သတိပေးပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး    စစ်ဆေးချိန်တွင် ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်လာခြင်းမရှိသူ (၂၀) ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)