မိုးနဲ ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းက ကျေးလက်ဒေသနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား/အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများ သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ကြပြီး သင်တန်းနည်းပြဆရာမ ဒေါ်သဇင်ထွေးက မျက်နှာသစ်နည်း၊ မျက်ခုံးမွှေးပုံစံရိတ်သိမ်းနည်း၊ ဖောင်ဒေးရှင်း မိတ်ကပ်လိမ်းနည်း၊ ပေါင်ဒါမျိုးစုံ အသုံးပြုနည်း၊ ကာလာစုံခြယ်နည်း၊ နှုတ်ခမ်းနီပုံဖော်နည်း၊ ဆံပင်ပုံစံရွေးချယ်နည်း၊ အဆင့်ဆင့် ဆံပင်ပုံစံ အလှပြုပြင်နည်းများကို ဇူလိုင်လ ၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၅ ရက်ကြာ သင်တန်းသူ ၂၀ ဦးကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝိုးတောင်း