မိတ္ထီလာမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ပြောကြားရာတွင် လူငယ်များ အတက်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောအတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ရာ အစိုးရနည်းပညာအထက်တန်းကျောင်းမှ တွဲဖက်ပါမောက္ခ ဒေါ်နွဲ့နွဲ့ဝင်းက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်ကာ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဒုတိယနှစ်တွင် ပညာသင်ယူနေသော မောင်အောင်သုတနိုင်၊ မောင်ဟန်ဘုန်းမြင့်၊ မောင်နိုင်လင်းထွန်း၊ မောင်ပိုင်ဇင်ကျော်၊ မောင်တိုးတက်ထူးဝေနှင့် မဖြူဖြူရွှေတို့က လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့် သူ၏ဝါသနာ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့်  ဆွေးနွေးခဲ့ကြပြီး စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးမင်းဇော်၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ တွဲဖက်ပါမောက္ခ ဒေါ်နွဲ့နွဲ့ဝင်း ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)