ပျော်ဘွယ်မြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်းအဆင့် စစ်တုရင်ပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဇူလိုင် ၅

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံးတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းသောယှဉ်ပြိုင်မှုနဲ့ ပြိုင်ဆိုင်တတ်စေရန်၊ ကျောင်းစာတွင်မက အားကစားကဏ္ဍမှာကိုလည်း စိတ်ပါဝင်စားစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါ တယ်”ဟု ရှင်းပြသည်

ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့် ကျင်းပပြုလုပ်ပေးကာ ဝါသနာရှင် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)