မုံးကိုး ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော မြန်မာ-တရုတ်နယ်စပ်မြို့လေးဖြစ်သည်။ ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသတွင် တည်ရှိသဖြင့် နှစ်ရှည်သီးနှံအပြင် ရာသီသီးနှံများကို အဓိကထား စိုက်ပျိုးကြပြီး စပါးစိုက်ပျိုးမှုသည် ယခင်က မိသားစု စားသောက်ရုံသာ စိုက်ပျိုးခဲ့ကြသော်လည်း ယခုအခါတွင် တခြားမြို့နယ်များသို့ တင်ပို့ရောင်းချရန်အထိ စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်းကို သိရှိခဲ့ရပါသည်။
အဆိုပါ စပါးစိုက်ပျိုးမှုသည် နွေစပါး၊ မိုးစပါးဟူ၍ စိုက်ပျိုးမှုရှိပြီး ဒေသအတွင်းမြေအောက်စိမ့်ရေအပြင် ရွှေလီမြစ်ရေကို ရေတင်စက်များဖြင့် တိုးချဲ့ စိုက်ပျိုးလျက်ရှိပါသည်။
မုံးကိုးမြို့တွင် ဒေသထွက်စိုက်ပျိုးသီးနှံများဖြစ်သော ကြံ၊ ရှမ်းပြောင်း၊ မုန့်ညှင်း၊ မုန်လာဉဖြူ၊ ပန်းဂေါ်ဖီ၊ ကိုက်လန်ပင်နှင့် အခြားဟင်းသီးဟင်းရွက်များကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိပြီး မိသားစုအပိုဝင်ငွေရရှိသည့်အပြင် စပါးကို အဓိကထား ရောင်းချလျက်ရှိပါသည်။ မုံးကိုးမြို့အနီးတဝိုက် အခြားသော မြို့များကို လက်လီလက်ကား တင်ပို့ရောင်းချရ၍ စီးပွားဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။
မေစံပယ်ဖူး(မုံးကိုး)