မုံးကိုးမြို့၌ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အတူတကွ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံးကိုး ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့အုပ်ချုပ်ရေးမှူး ဦးလျှံရှင်းမုံက မိမိတို့ဒေသအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပတ်သက်သော လုပ်ငန်းများကို အလေးထားလုပ်ဆောင်ရန်၊ ရပ်ကွက်အတွင်း သန့်ရှင်းသပ်ရပ် သာယာလှပစေရေး ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ ယခုအခါသည် မိုးရာသီဖြစ်သောကြောင့် ရေကြီးရေလျှံမှုတို့ကို ကာကွယ်ရန် ရေမြောင်းများ ပြုကြရန်နှင့်လမ်းခင်းမှုများအကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဌာန၊ ရပ်ကွက်အလိုက် လုပ်ငန်းဆောင်ရွက်ရန်လျာထားမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မေစံပယ်ဖူး(မုံးကိုး)