ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးစျေးသို့ ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ စတုတ္ထနေ့ ကွင်းဆင်းစစ်ဆေး

ကြည့်မြင်တိုင်   အောက်တိုဘာ  ၁၂


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ဗဟိုစံပြငါးဈေးတွင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များမှ စတုတ္ထနေ့အဖြစ် လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊  ကော်မတီဝင် (၁၀) ဒေါ်ဝိုင်း၊မြိုနယ်လွှတ်တော်ကိုယ်စားလှယ်များ၊  မြို့နယ် စည်ပင် သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ရင်၊ မြို့နယ်စည်ပင်ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးမိုး၊  အနောက်ပိုင်းခရိုင် စျေးများဌာနမှူးနှင့် အဖွဲ့ဝင်များ၊ စျေးများဌာန ဒုတိယဌာနမှူးနှင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဗဟိုစံပြငါးစျေး၊ ကမ်းနားစျေးနှင့် ကြက်၊ ဘဲဒိုင်တို့အား   ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်ခြင်း ရှိ၊ မရှိ ဈေးအတွင်းသို့ လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများက အကြံပြုပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် အဆိုပါအဖွဲ့မှ စျေးရောင်း၊ စျေးဝယ်များ mask တပ်ဆင် ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုအပ်ချက်များ၊ အားနည်းချက်များကို အမြန်ဆုံးဆောင်ရွက်ရန်၊ ၎င်းစျေးနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ အမြန်ဆုံးညှိနှိုင်း၍ ရောဂါကာကွယ်ရေး လုပ်ငန်း ထိထိရောက်ရောက်ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးစျေးကြီးအတွင်း ကိုဗစ်-၁၉ရာဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးရေးကော်မတီ အဖွဲ့ဝင်များမှ စတုတ္ထနေ့အဖြစ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)