လားရှိုးမြို့တွင် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကျင်းပ

ဇူလိုင် ၅ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်ကို ချစ်မြတ်နိုးလာပြီး သစ်ပင်စိုက်ပျိုးလိုသည့်စိတ်များ ဖြစ်ပေါ်လာစေရေးအတွက်ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် (၈) နာရီအချိန်က လားရှိုးမြို့ နည်းပညာတက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာ သစ်ပင်စိုက်ပွဲများကျင်းပပြုလုပ်ခြင်းသည် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင် လာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ၊သစ်တောသစ်ပင် စိုက်ပျိုးထိန်းသိမ်းပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာ လှပစေပြီး အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့်အတွက် “မြေဆီစိုခိုက် သစ်ပင်စိုက်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူထုပူးပေါင်းပါဝင်မှုဖြင့် သစ်ပင်စိုက်ပျိုးပွဲများကျင်းပခြင်းကို အားပေးဆောင် ရွက်နေခြင်းဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် တာဝန်ရှိသူတို့က တွဲဖက်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖ များနှင့်နည်းပညာ တက္ကသိုလ်ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စိုက်ပျိုးရန်အတွက် ပျိုးပင်များပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး သစ်ပင် စိုက်ပျိုးခဲ့ကြပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကာတွန်းပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့တွင်ကျင်းပသည့် ပြည်နယ်အဆင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတွင် ကျွန်း၊ ပိတောက်၊ သပေ ဘူတ၊ ချယ်ရီ၊ မဟော်ဂနီ၊ ခါတော်မီ၊ မယ်ဇလီ၊ ပန်းဝါ၊ ကံ့ကော်ပင် စုစုပေါင်းအပင် (၅၀၄)ပင်အား  စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်