နောင်ချို ဇူလိုင် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃ နာယကအဖွဲ့ရုံး တည်ဆောက်ရန် အုတ်မြစ်တော်ချခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ နောင်ချိုမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ခြေမြစ်ပင်ကျောင်းဆရာတော် တွဲဖက်အကျိုးတော်ဆောင် လွယ်ခွင်ကျောင်းဆရာတော်၊ ငုက္ခလေးကျောင်း ဆရာတော်၊ ကျောက်ခေါင်း ကျောင်း ဆရာတော် တည်ဆောက်ရေးအဖွဲ့ခေါင်းဆောင် သဖန်းကိုင်းပရဟိတဆရာတော်တို့က အုတ်မြစ်တော်ချပြီး (ဇယန္တော ဗောဓိယာ မူလေ) အစရှိသည့် ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံးတည်ဆောက်ခြင်း လုပ်ငန်းဖြစ်မြောက်ရေးအတွက် ရပ်ဝေး၊ ရပ်နီးမှ စေတနာရှင် အလှူရှင်များစုပေါင်း၍ အလှူငွေကျပ် (၁၂) သိန်းကို ပေးအပ်လှူဒါန်းရာ သဖန်းကိုင်းပရဟိတဆရာတော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ မြို့နယ်သာသနာ့ ဗိမာန်တော်နှင့် မြို့နယ် သံဃနာယကအဖွဲ့ရုံးကို မြို့နယ် သံဃနာယက အဖွဲ့ဆရာတော်များ၏ ဩဝါဒကို ခံယူကာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ ဦးဆောင်ဆောက်လုပ်သွားမည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရန်အတွက် ဒါနရှင်၊ ပါရမီရှင်၊ ကုသိုလ်ရှင်များက တတ်အားသရွေ့ ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)