ကျောက်တော် ဇူလိုင် ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် လေဘေးသင့်တောင်သူများအား မျိုးစပါးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့မှ ဗိုလ်မှူးချုပ်အောင်သူဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က နိုင်ငံတော်ကထောက်ပံ့သည့် မျိုးစပါးပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခုရရှိသော မျိုးစပါးများကို တောင်သူများလက်ဝယ်သို့ ရောက်ရှိနိုင်ရေး၊ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် လိုအပ်ပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးကွင်းဆင်းဝန်ထမ်းများမှ ပူးပေါင်းပါဝင် လုပ်ဆောင်မည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် တာဝန်ရှိသူများက မျိုးစပါးများကို ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပေါ်ဆန်းရင်မျိုးစပါး (၁၀၀) တင်း၊ နှံထောက် (၁၀၀) တင်း၊ GW-11 (၁၀၀) တင်း၊ ကြားပျံ (၁၀၀)တင်း၊ စုစုပေါင်းတင်း (၄၀၀)အား ကျေးရွာအုပ်စု (၅) အုပ်စု၊ တောင်သူ (၉၇) ဦးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူဖြူဝင်း