မချမ်းဘော ဇူလိုင် ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့် စာကြည့်တိုက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က စာဖတ်ခြင်း အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောကာ နယ်လှည့်စာကြည့်တိုက်အဖြစ် ယူဆောင်လာသော ကလေးစာပေစာအုပ်များကို ကျောင်းသူ/ကျောင်းသားများအား ငှားရမ်းဖတ်ရှုစေပြီး မိမိဖတ်ရှုထားသည့် စာအုပ်များ အကြောင်း ပြန်လည်ဆွေးနွေးစေပြီးနောက် ပြန်လည်ပြောဆို ဆွေးနွေးတတ်သူများထဲမှ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဦးစီးအရာရှိ ဒေါ်နီနီလွင်က အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဟောပြောပွဲတက်ရောက်သူ ကျောင်းသား/ကျောင်းသူ(၆၅) ဦးတို့က ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)