စစ်တွေ ဇူလိုင် ၅
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခွဲ(ရေတပ်)၌ အသက်(၅)နှစ်အထက်၊ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကျောင်းသား များအား စာရင်းဇယားကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက် အစားအစာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသားမိဘများနှင့် တွေ့ဆုံပြီး “မိုခါ” မုန်တိုင်းကြောင့် ကျောင်းအဆောက်အဦ၊ လူနေအိမ်အများအပြား ပျက်စီးခဲ့မှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးလစ်ဟင်းမှုမရှိစေရန် ကြီးကြပ်ဆောင်ရွက်မှုများကြောင့် ကျောင်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ရာမှာ ရာနှုန်းပြည့်နီးပါးဆောင်ရွက်နိုင်ခဲ့မှု၊ ကျောင်းသား၊ ကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာဖြင့် ရာနှုန်းပြည့် တက်ရောက်ပညာသင်ယူနေကြမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ထိခိုက်ပျက်စီးခဲ့သော မြို့မဈေးကြီးအား ပြန်လည်ပြုပြင်ပြီးစီးနေမှုနှင့် ဈေးသူ၊ ဈေးသားများ ပြန်လည်ဈေးရောင်း ချနေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် အတူ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးလျာထား ချက်ပြည့်မီအောင် စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ပြီးနောက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး ဆက်လက်ဆောင်ရွက်မည့် ပြန်လည် ထူထောင်ရေးကိစ္စများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့မှုများ ရှိပါကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာ ဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ အမိုးအကာအောက်ရောက်ရှိရေးနှင့် ပညာသင်ကြားရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီးလစ်ဟင်းမှုမရှိစေရေး စသည်တို့ကိုမှာကြားခဲ့ပါကြောင်း၊ ထိုသို့မှာကြားချက်များအပေါ် အကောင် အထည်ဖော်ရန် ပြည်နယ်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ လက်ရှိတွင်လည်း ဒုတိယဝန်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိသကဲ့သို့ မြို့နယ်အလိုက်လည်း တပ်မတော်အရာရှိကြီး များကို ခန့်အပ်တာဝန်ပေးကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်သည့် အဓိကအားဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို လုပ်ဆောင်ကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့် ရရှိရေးသည်အဓိက ကျပါကြောင်း၊ နိုင်ငံတော် အကြီးအကဲ ကလည်း မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးခဲ့သော ဒေသများတွင် အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မျိုးစပါးများ ပို့ဆောင်ပေးခြင်း၊ ထွန်ယက်စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးခြင်းများကို တပ်မတော်၏ အကူအညီကိုရယူကာ မော်တော်ယာဉ်၊ ရေယာဉ်များကို အသုံးပြု၍ ပို့ဆောင်ပေးလျက်ရှိ ကြောင်း၊ ယခုကာလသည် စိုက်ပျိုးရေးကို အလေးထားပြီး ထွန်ယက်စိုက်ပျိုး ပြီးစီးနိုင်ရန်အတွက် တွန်းအား ပေးကာ ဆောင်ရွက်ရမည့်အချိန်ကာလ လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မုန်တိုင်းကြောင့်ထိခိုက်ခဲ့သည့် တောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းကို စိတ်နှလုံးအေးချမ်းစွာဖြင့် ဆောင်ရွက်နိုင်ရန် အားလုံးက ပူးပေါင်း ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ထိခိုက်မှုနည်းသည့် မြို့နယ်များတွင်လည်း စိုက်ပျိုးရေးကာလဖြစ်သည့်အတွက် ယခင်နှစ်များနည်းတူ ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုး ထွက်ရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် လိုအပ်သော မျိုးရရှိရေး၊ လိုအပ်သည့် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာ၊ သဘာဝ ဓာတ်မြေဩဇာနှင့် ပေါင်းစပ်ကာဆောင်ရွက်နေမှု၊ ရေရရှိရေး၊ မြေပြုပြင်ရေးတို့ကို တစ်ပြိုင်တည်းဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ဆန်ဖူလှုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းပြည့်မီခြင်း မရှိသည် ကိုတွေ့ရပါကြောင်း၊ မျိုးစပါး၊ စိုက်နည်းစနစ်၊ ရေရရှိမှု၊ မြေပြုပြင်မှုလိုအပ်ချက်တို့ သည်လည်း အဓိကကျ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ယခင်အထွက်နှုန်းများထက် ၅ တင်းနှုန်း အပိုထွက်ရှိအောင် ကြိုးစားလုပ်ဆောင် ကြရန် မှာကြားထားကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တောင်သူများအတွက် များစွာ အကျိုးရှိသည့်အတွက် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်း တိုးတက်လာရန်အတွက် အထွက်နှုန်းကောင်းသော မျိုးစပါးပြောင်းလဲစိုက်ပျိုးရန်လိုကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများကလည်း တွန်းအားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူစားသုံးဆီ အထွက်နှုန်းကောင်းမွန်ရေး၊ အုန်းသီးနှံစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေးတို့ကိုလည်း ခရိုင်အလိုက်၊ မြို့နယ်အလိုက် စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများလည်း ထုတ်ချေးပေးထားပါကြောင်း၊ မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်မှုကို စိစစ်ဆောင်ရွက်ကြရမည်ဖြစ် ကြေင်း၊ မိမိတို့ပြည်နယ်အတွက် အကျိုးရှိအောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအတွက် အကျိုးရှိမည့် မွေးမြူရေး လုပ်ငန်းများကိုလည်း ဝိုင်းဝန်းပံ့ပိုး ပေးသွားမည်ဖြစ်သည့်အတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုး ဆောင်ရွက်မည့် အခြေအနေများ၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက လယ်ယာမြေ ထွန်ယက်ဆောင်ရွက်နေသည့် အခြေအနေများ၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးစိုးဝင်းက မိုးစပါးစိုက်ပျိုးရန် လျာထားမှု၊ စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်စိုးက မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ (ရေအရင်းမြစ်)၊ ခရိုင်ဦးစီးမှူး ဦးခင်လှိုင်က မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် Video Conference စန်စဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ ခရိုင်အလိုက် မိုးစပါးစိုက်ပျိုးရန် လျာထားချက်၊ ထွန်ယက်ပြီးစီးမှု၊ စိုက်ပျိုးပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများ ဖြည့်စွက်ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါ အစည်းအဝေးခန်းမ၌ သဘာဝ ဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်ပြီး ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)