သံတွဲ ဇူလိုင် ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးသည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစံရွှေမောင်နှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ သံတွဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့်မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အထောက်အပံ့များ ကူညီဖြည့်ဆည်းပေးရန်နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူများ ဝင်ငွေတိုးတက်ပြီး လူမှုဘဝဖွံ့ဖြိုးတိုးလာစေရန်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုနည်းသည့် နေရာဒေသများတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို ယခင်ကထက်ပိုမိုတိုးချဲ့ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် နိုင်ငံတော်အနေဖြင့် မွေးမြူရေးလုပ်ငန်းများတိုးချဲ့မွေးမြူနိုင်ရေးအတွက် ထောက်ပံ့ငွေများပံ့ပိုးကူညီပေးရန် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်သည်များကို တင်ပြဆွေးနွေးကြသည်။ ၎င်းနောက်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်ဒုတိယဝန်ကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)