မွန်ပြည်နယ် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်    ဇူလိုင်   

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အ​ထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊  ပြည်နယ်/ခရိုင်အဆင့် အိမ်ခြံမြေအကျိုးတော်ဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊  မွန်ပြည်နယ်ရှိအိမ်ခြံမြေအကျိုးတော်ဆောင်များနဲ့ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းက မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်ပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Anti Money Loundering/Counter Financing of Terrorisim-AML/CFL) အသိပညာပေးဆွေးနွေးပွဲဖြစ်ပါ​ကြောင်း၊ ငွေကြေးခဝါချမှုဆိုတာကတော့(Proceed OF Crime-POC) လို့ခေါ်တဲ့ ပြစ်မှုကျူးလွန်ရာကရသည့် ပစ္စည်း၊ ငွေကြေး၊ အကျိုးအမြတ်(ငွေမဲ)များကို ဥပဒေအရ အရေးယူခြင်းမှရှောင်ရှားနိုင်ဘို့နဲ့ တရားဝင်ငွေဖြူအဖြစ် ထင်မှတ်စေဘို့အတွက်- မူလဇစ်မြစ်၊ ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပုံပန်းသဏ္ဍာန်တို့ကို ဖုံးကွယ်ရန်(Concelling)(သို့မဟုတ်)၊ အသွင်ပြောင်းလဲရန် (Disguising) ရည်ရွယ်ပြီး ပြောင်းလဲခြင်း (Conversion)၊ လွှဲပြောင်းခြင်း (Transfer) ပြုလုပ်ခြင်းကို ဆိုလိုပါ​ကြောင်း၊ ငွေမဲကနေ ငွေဖြူဖြစ်အောင် ပြုလုပ်ခြင်းကို Money Washing လို့မသုံးဘဲ Money Loundering လို့ သုံးရတဲ့ အကြောင်းကတော့ (၁၉၃၁)ခုနှစ်က အခွန်တိမ်းရှောင်မှုနဲ့ အရေးယူခံရတဲ့ အီတလီနွယ်ဖွား အမေရိကန်နိုင်ငံသား AL Capon ဆိုသူဟာ အဝတ်လျှော်ဖွတ်တဲ့လုပ်ငန်း(ပင်းမင်းဆိုင်)ကို (Money Laundering)လို့ စတင်ခေါ်ဝေါ် သုံးစွဲလာခြင်းဖြစ်သလို ငွေကြေးခဝါချမှုများကြောင့် စီးပွားရေးမတည်ငြိမ်မှုဖြစ်ခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်ယိမ်းယိုင်ခြင်း၊ ဘဏ်လုပ်ငန်းစနစ်မတည်ငြိမ်ခြင်း၊ ရာဇဝတ်မှုခင်းများပြားခြင်း၊ အမျိုးသားလုံခြုံမှုကို ထိခိုက်စေခြင်းတွေဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်စဉ်မှုများ ဖြစ်ပွားမှုမရှိ​စေ​ရေးအတွက် တားဆီးကာကွယ်ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ဘို့ ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းခြင်း၊ နိုင်ငံတကာ သဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးခြင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း၊ ပြည်တွင်းပြည်ပပူးပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိ​​ကြောင်း၊ လတ်တလောအိမ်ခြံမြေအကျိုးဆောင်များ၊ ရွှေရောင်းဝယ်သူများနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များအနေဖြင့်  အသိအမှတ်ပြုမှတ်ပုံတင်လျှောက်ထားခြင်း/ ထုတ်ပေးခြင်း၊  အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Off – site monitoring ဆိုတဲ့ ရုံးထိုင်စစ်ဆေးခြင်းနဲ့ On-site Supervision ဆိုတဲ့ လုပ်ငန်းခွင်ကွင်းဆင်းစစ်ဆေးခြင်းဆိုတဲ့ လုပ်ငန်းများဖြစ်​ကြောင်း၊ လမ်းညွှန်ချက်ကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးကြီးတာဝန်တစ်ရပ်လို ခံယူနိုင်ဘို့ လိုအပ်သလို၊ လုပ်ငန်းခွင်မှာ ဘာသာရပ်စိမ်းတဲ့ ဒီအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ဘို့ ဆွေးနွေးပွဲမှာ ပို့ချတာတွေကို သေသေချာချာလေ့လာမှတ်သားကြလို​ကြောင်းနှင့် ​ယခုဆွေး​နွေးပွဲတွင် ရလာဒ်ကောင်းများရှိနိုင်​ရေးအတွက် ပွင့်လင်းစွာမေးမြန်း​ဆွေး​နွေးကြရန်ဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(နေပြည်တော်) ဒုတိယညွှန်ကြားရေးမှူးဦးသူရိန်အောင်က Video Conferencing စနစ်ဖြင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအသိပညာများနှင့် ပက်သက်၍ရှင်းလင်းတင်ပြပြီး ပြည်ထဲ​ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးမျိုးတင့်ဇော်က ငွေကြေးခဝါချမှူပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့်ပြစ်မှုများ၊ ထပ်မံဖြည့်စွက်သည့်ပြစ်မှုများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေများ၊  ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ အိမ်ခြံမြေအကျိုးဆောင်များ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း၊ အဖိုးတန်သတ္တုရောင်းဝယ်သူများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်းစသည့် အကြောင်အရာများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့​နောက်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး ​ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေး​နွေးပွဲနှင့်ပတ်သက်၍ သိရှိလိုသူများမှ ​မေးမြန်း​ဆွေး​နွေးခြင်း၊ ပြန်လည်​ဖြေကြားခြင်း၊ ပြန်လှန်​ဆွေး​နွေးခြင်းတို့ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)