ကျိုင်းတုံမြို့၌ ၂၀၂၃ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုင်းတုံ ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၌ ရာသီဥတုကောင်းမွန်၍ ပတ်ဝန်းကျင်စိန်းလန်းစိုပြေစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျိုင်းတုံမြို့၊ မိုင်းဇင်းအုပ်စု၊ ပင်းဆိုင်း “ဝ”ရွာရှိ  (CBT)ကွင်း၌ ယနေ့နံနက် (၈)နာရီက စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်က အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် ပြည်နယ် သစ်တောဦးစီးဌာနမှူး ဦးရဲထွန်းတို့က အခမ်းအနားသို့တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် ဒေသခံ ပြည်သူများတို့ထံ ပျိုးပင်များအသီးသီး ပေးအပ်ခဲ့ကြပြီး ကျွန်း၊ ပိတောက်၊ ခရေ၊ ကန့်ကော်၊ ထင်းရှုး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မန်ဂျန်ရှားနှင့် စွယ်တော်စသောအပင် အမြင့်(၂)ပေ နှင့်အထက်ပျိုးပင် (၁၀၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့တို့က အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီတွင်  ကျိုင်းတုံမြို့နယ်သစ်တောဦးစီးဌာနမှ  ပျိုးပင်ပေါင်း ၁၃၀၀၀၀ ကို  ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များ စိုက်ပျိုးနိုင်ရန်အတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)