ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများ၊ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ကျောက်ဖြူ  ဇူလိုင် ၅

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့(၆)မှ ဒေသခံပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာအုပ်စုရှိ ဂုံးချွိန် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်ဘဒ္ဒန္တခေမာစာရအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် စားသောက်ဖွယ်ရာများလှူဒါန်းပြီး ၎င်းကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၊ အမှတ်(၆)မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ စားသောက်ဖွယ်ရာများနှင့်အတူ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)