ရွှေတိဂုံစေတီတော် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် ပြုပြင်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၅

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ရှင်ဥပဂုတ္တမင်္ဂလာ ကန်တော်ပြုပြင်မှုလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် ရွှေတိဂုံစေတီတော် အောက်ပစ္စယာ အနောက်‌မြောက်ဘက် သိင်္ဂုတ္တရဥယျာဉ်တော်အတွင်းရှိ ဗဟိုမဏ္ဍပ်တွင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းသစ်တောဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပျိုးပင်အလှူရှင်များ၊ မင်္ဂလာကန်တော်ပြုပြင်ခြင်း လုပ်ငန်းအလှူရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားဖွင့်လှစ်ပြီးနောက် ဘဏ္ဍာတော်ထိန်း‌ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးသောင်းဝင်းက ရုက္ခာရောပနဇယ မင်္ဂလာစကားဖတ်ကြားခြင်း၊ ဝတ္ထုကံ‌မြေသာယာရေးဌာန တာဝန်ခံဂေါပက ဦးလှမြင့်က ဥယျာဉ်တော်အတွင်း သစ်ပင်ပန်းမာန်များ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ရှင်ဥပဂုတ္တ မင်္ဂလာကန်တော် အကြီးစားပြုပြင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ၊ ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များ အမှတ်တရ စိုက်ပျိုးခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့အနေဖြင့် ဝတ္ထုကံမြေအတွင်း စိမ်းလန်းစိုပြေစေရန် သစ်ပင်ပန်းမာန်များစိုက်ပျိုးခြင်း၊ ဘုရားဖူးပြည်သူများ ဗဟုသုတရရှိစေရန် ဘုရားရှင်တို့ပွင့်တော်မူရာ ဗောဓိပင်များ စိုက်ပျိုးခြင်းနှင့်မြေယာရှုခင်းပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကိုလည်း ၂၀၁၆ ခုနှစ်မှစတင် ကျင်းပခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင် ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ပျဉ်းမပင်၊ ကံ့ကော်ပင်၊ ထိုင်ဝမ်ဗန်ဒါပင် အစရှိသည့် အပင်ပေါင်း(၃၀၀)ခန့်ကို ဝတ္ထုကံ‌မြေအတွင်းရှိ သတ်မှတ်(၇)နေရာတို့၌ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)