လှည်းကူး ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် လှည်းကူးပညာရေးဒီဂရီကောလိပ်နှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦး သူနာပြုစုခြင်း(အခြေခံအဆင့်) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာအားမာန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်သည်။
အဆိုပါရှေးဦးသူနာပြုစုခြင်း(အခြေခံအဆင့်)သင်တန်းကို ဇွန်လ(၃၀)ရက်မှ ဇူလိုင်လ(၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ(၁၉၅)ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြိုနယ်ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့်ဆရာဆရာမများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၂၄၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)