ကာလိ ဇူလှိုင် ၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်က အခြေခံပညာမူလတန်း (မိုင်းယိုင်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော် က " လူငယ်နှင့် ရည်မှန်းချက် " ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း နောင်တစ်ချိန် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းယူမည့်သူများဖြစ်ကြ၍ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင်ပြင်ပဗဟုသုတရရှိစေမည့်စာပေများ ဖတ်ရှုလေ့လာစေလိုကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီကိုလင်းက ငယ်စဉ်မှစ၍ ပညာကြိုးစားသင်ယူ၍ လူငယ်၊ လူရွယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာပေဖတ်ခြင်းဖြင့် မိဘ/ဆရာသမားများကို ရိုသေလေးစားပြီး လိမ္မာယဉ်ကျေးသော ကျောင်းသား၊ ကျောင်းသူများဖြစ်စေလိုကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် ဗဟုသုတ ရရှိစေမည့် သုတ/ရသ စာအုပ်၊စာစောင်များ ခင်းကျင်းပပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)