နေပြည်တော် ဇူလိုင် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၂-၂ဝ၂၃ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ စိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး ကျေးလက်နေတောင်သူအများစု လုပ်ကိုင်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်နေကြရာတွင် စိုက်ပျိုးရေးလုပ်ငန်းများကို ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်ဆိုပါက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်နိုင်မှာဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝအကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေရိက္ခာ ပေါများလာမည့်အပြင် ပိုလျှံစွာထွက်ရှိလာသည့် ထုတ်ကုန်များမှ ပြည်ပပို့ကုန်များရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အခြေခံသည့် ပြည်ပဝင်ငွေများရရှိမှာဖြစ်ပါကြောင်း၊ ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးတို့အတွက် ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နေပြည်တော်တွင် သီးနှံမျိုးစုံမျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးအတွက် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်း(၄)ရပ်ကို တစ်ခုမှ လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပြီး ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပန်းတိုင်အထွက်နှုန်းများရရှိစေရန် (မျိုး၊ မြေ၊ ရေ၊ နည်း) ဟူသည့် နည်းလမ်း(၄) ရပ်နှင့် စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေအားလည်းကောင်း၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး-၅မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က နေပြည်တော်အတွင်းရှိ ဆည်များတွင် ရေဝင်ရောက်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက နွေစပါးစံကွက် ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးသည်။
ယနေ့ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ စိုက်ကွင်းအတွင်း စိုက်ပျိုးထား သည့် နှံကောက်ထွန်းစပါးမျိုးကို ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစိုထွက် ၁၆၂ ဒသမ ၅ တင်းနှုန်း ထွက်ရှိပြီး အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် နွေစပါး စီမံကိန်းလျာထားဧက (၁၉၀၂၃) လျာထားပြီး (၂၇၃၈၀)ဧက စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာအနီးရှိ V4 လမ်းအောက်မှ ရေထွက်ပေါက်များအား ကြည့်ရှုစစ်ဆေးပြီး ရေထွက်ပေါက်များအား ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး တာဝန်ရှိသူများအားမှာကြားပြီး တောင်သူများ ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁)အလတ်စားလယ်ယာသုံး စက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံ သို့သွားရောက်ပြီး အပင်စိုက်ပျိုးနိုင်ရန် စက်ကိရိယာဖြင့် ကျင်းတူးနေမှု သရုပ်ပြသခြင်းအခြေအနေနှင့် စခန်းဝန်းအတွင်းထားရှိသော လယ်ယာသုံး စက်ကိရိယာပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း ( ပြန်/ဆက်)