သုခဒဂုံပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့်လျှောက်လွှာများ  မြို့နယ်ထွေ/အုပ်ရုံးများတွင် စတင်ရောင်းချ

ရန်ကုန် ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ ငှားရမ်းခွင့် လျှောက်လွှာများ တစ်စောင် (၃၀၀၀) ကျပ်နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးများတွင် ဇူလိုင်လ (၃)ရက် မှစတင်၍ ရောင်းချပေးနေပြီဖြစ်ကြောင်း DUHD -Ygn ၏ ကြေညာချက်အရ သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အခန်းများသည် တစ်ခန်းအကျယ် ၅၈၈ စတုရန်းပေရှိပြီး အခန်းပေါင်း ၁၁၆၈ခန်းကို ပထမအဆင့် အနေဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်းနှင့် ငှားရမ်းခွင့် လျှောက်လွှာများကို ဇူလိုင်လ (၃) ရက်မှ (၃၁) ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး မိမိတို့ဝယ်ယူခဲ့သည့် မြို့နယ်ထွေ/အုပ်ရုံးများတွင် ဇူလိုင်လ (၃၁)ရက် နောက်ဆုံးထားကာ လျှောက်လွှာများကို ပြန်တင်ရမည်ဖြစ်ကြောင်း သိရသည်။

အိမ်ခန်းငှားရမ်းခြင်း သက်တမ်းမှာငါးနှစ်ဖြစ်ပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမည်ဖြစ်ကာ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် - ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် - ၆၀၀၀၀ ကျပ်၊ တတိယထပ် - ၅၅၀၀၀ ကျပ်၊ စတုတ္ထထပ် - ၄၆၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရ သည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာသည်အမှန်တစ်ကယ်နေရေးအခက်အခဲရှိသောပြည်သူများ၊အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာမရှိသဖြင့် နေရေးအခက်အခဲရှိနေသော တာဝန် ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

အိမ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကိုဝယ်ယူရာတွင် ပြည်သူ များနှင့် အငြိမ်းစားဝန်ထမ်းများအနေဖြင့် အိမ်ခန်းလျှောက်လွှာများကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင် ဝယ်ယူပြီး သတ်မှတ်ပုံစံများအတိုင်း ဖြည့်စွက်၍ မိမိတို့ဝယ်ယူခဲ့သည့် နေရာများတွင် သတ်မှတ်ရက်အတွင်း လျှောက်လွှာများကို ပြန်လည်တင်ပြသွားရမည်ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာဌာနများမှ စုစည်း၍ ဌာနအလိုက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ၊ ရန်ကုန်တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင်ဝယ်ယူ၍ လျှောက်လွှာများကို ပြန်လည်တင်ပြသွားရမည်ဖြစ် ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းသည် တောင်ဒဂုံမြို့နယ်အတွင်းရှိ အမှတ် (၂) လမ်းနှင့် အမှတ် (၇) မြို့ပတ်လမ်းဆုံအနီးရှိ မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့် အဖြစ် အဆောက်အအုံ ၁၉၄လုံး၊အခန်း၃၁၀၄ခန်းကိုဆောက်လုပ်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့မှ အဆောက်အအုံ ၉၇ လုံးစီ ခွဲဝေဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)