မြစ်ကြီးနား ဇူလိုင် ၅
ကချင်ပြည်နယ် အမျိုးသမီးကော်မတီကကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်နယ်အတွင်းမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် တိုင်းရင်းသူလေးများက အဖွင့်သီချင်းသီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခေတ်အဆက်ဆက်ထူးချွန်ထက်မြက်သည့် အမျိုးသမီးများသည် နိုင်ငံနှင့်လူမျိုးအတွက် ကြိုးပမ်းကြသည့်နေရာတွင် လွပ်လပ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်ပါဝင်၍ တာဝန်ထမ်းဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသမီးများသည် အိမ်၏ပဲ့ကိုင်ရှင်များဖြစ်သကဲ့သို့ နိုင်ငံတော်၏အင်အားစုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည့်အတွက် ထို့သို့အင်အားကြီးမားပြီး တန်ဘိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များကို မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြီးမားသည့်အင်အားကို ရရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာအမျိုးသမီးများ၏ အရေးပါသည့်အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေရေးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုဂုဏ်ပြုသောအားဖြင့် ယနေ့အခမ်းအနားတွင် နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့်တို့တွင် ထူးချွန်သူများအားလုံးကို ဂုဏ်ပြုပေးသွားမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းနှင့် အမျိုးသမီးများဘဝတိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှအမျိုးသမီးအဖွဲ့က အပျိုတော်ယိမ်းဖြင့် ကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးက ပြည်နယ်အတွင်း အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ်(၁) မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများက မြန်မာအမျိုးသမီးအလှတေးသီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် အမျိုးသမီးထူးချွန်ဆုများအားပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်နိုင်ငံ့တာဝန်စွမ်းဆောင်ဆုရှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူအတွက်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် Clean & Green ကျောင်းပထမဆုရ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီးနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံတော်အဆင့်အမှတ်အများဆုံးဆုရ ကျောင်းသူများအတွက်လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး၊ တိုင်းမှူး၏ဇနီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်အားကစားကဏ္ဍတို့တွင် ထူးချွန် အမျိုးသမီးစွမ်းဆောင်ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တိုင်းရင်းသူအကအဖွဲ့များအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)