ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့်ကျောင်းအသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပုဏ္ဏားကျွန်း ဇူလိုင် ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့၊ နံနက် ၁၀ နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့် ကျောင်းအသုံးအဆောင်ပစ္စည်းများအား သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ထိုသို့လှူဒါန်းပေးရာတွင် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူတို့က မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်၊ ပဓနနာယက၊ မြို့နယ်သံဃာ့နာယကဥက္က ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး သံဃာတော်များအတွက် သင်္ကန်းစုံများ၊ ကြာဆံခြောက်၊ မုန့်ဟင်းခါးခြောက်နှင့်ကျောင်းအသုံးအဆောင်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ထို့နောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူများက ရွှေတောင်တန်းဘုန်းတော်ကြီး ကျောင်းတိုက်နှင့်ခေမာရာမ ပရဟိတဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက်၍ ကျောင်းတိုက်ဆရာတော်ကြီးတို့အား ဖူးမြော်ကြည်ညိုကန်တော့ပြီး ကျောင်းအသုံးဆောင်ပစ္စည်းများနှင့်ကြာဆံခြောက်၊ မုန့်ဟင်းခါးခြောက်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)