ပျဉ်းမနား ဇူလိုင် ၅
မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်နိုင်စေရေးအတွက် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ ပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ သန်စွမ်းသူလူငယ်များနှင့် မသန်စွမ်းသူလူငယ်များ၏ လူငယ်ဆိုင်ရာကဏ္ဍများအတွက် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက် ပေးနိုင်ရေးအတွက် ရည်မှန်းချက်ထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ် ရေးရာဦးစီးဌာန မသန်စွမ်းလူငယ်ရေးရာဌာနခွဲ အနေဖြင့်လည်း မသန်စွမ်းလူငယ်များအား အသက်မွေး ပညာရပ်များကို ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်စေရေး၊ မသန်စွမ်းလူငယ်များ အတွက် အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှု အပေါ် ပိုမိုလေးနက်စွာ နားလည်ပြီး အသိအမှတ်ပြု နိုင်ရေးအတွက်ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေး ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand Gel၊ ဆပ်ပြာတုံး၊ ဆပ်ပြာရည်ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်း လူငယ်များ အနေဖြင့်လည်း အရင်းအနှီးနည်းနည်းဖြင့် အိုးမကွာအိမ်မကွာ တစ်နိုင်တစ်ပိုင် စီးပွားဖြစ်လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်မည်ဖြစ် ကြောင်း၊ မသန်စွမ်းသူ များသည် မိမိတို့၏အားနည်းချက်များအပေါ်တွင် အကောင်းဆုံးစွမ်းဆောင်နိုင်သူ များဖြစ်ကြောင်း၊ အခြေခံယုံကြည်ချက်ထားရှိပြီး ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းလူငယ်များအတွက် လူငယ်ရေးရာကိစ္စများနှင့် ပတ်သက်ပြီး မသန်စွမ်း လူငယ်အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မသန်စွမ်းသူများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို သိရှိနားလည်လာခြင်း၊ ထို့အပြင် မသန်စွမ်းလူငယ် ကျား(၂)ဦးနှင့် မ(၁)ဦးတို့ကို မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ်မှ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဘောလုံးနှင့် ပြေးခုန်ပစ်အားကစား နည်းအတွက် ပဏာမလက်ရွေးစင်အဖြစ် ခေါ်ယူစခန်းသွင်း လေ့ကျင့်ပေးနေခြင်းစသည့် အကျိုးရလဒ် ကောင်းများ ရရှိခဲ့သည့်အပြင် လူငယ်ရေးရာဦးစီးဌာနမှလည်း အားကစားဝတ်စုံနှင့် ငွေကြေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရယူပေးခဲ့သည့် မသန်စွမ်းအားကစားသမားများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းလူငယ်များ၏ ပညာရေးနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန် အောင်မြင်သူများကိုလည်း ထိုက်သင့်သလို ထောက်ပံ့မှုများပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များအနေဖြင့် အားကစား ကို ပိုမိုစိတ်ပါဝင်စားလာစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အားကစားကွင်း/ အားကစားရုံများတွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ကြောင်း၊ မသန်စွမ်းလူငယ်များနှင့် ပတ်သက်ပြီး ရေရှည်တွင် ပိုမိုအကျိုးရှိစေမည့် အသက်မွေးဝမ်းကြောင်း အတတ်ပညာအဖြစ် ဆပ်ပြာထုတ်လုပ်မှု သင်တန်းများသာမက အခြားလက်မှုအတတ်ပညာများဖြစ်သည့် ဆိုင်ကယ် ပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှုသင်တန်း၊ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းစသည့် သင်တန်းများကို တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် သင်ကြားပေးနိုင်ရန် ဆက်လက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ လူသုံးကုန်ပစ္စည်းသင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းအတွက် မသန်စွမ်းလူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝင်ငွေတိုးပွားလာစေရန် များစွာအထောက်အကူပြုသည့် အတွက် အားကစားနှင့် လူငယ်ရေးဝန်ကြီးဌာနကို မသန်စွမ်းလူငယ်များ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စု နယ်မြေ(နေပြည်တော်)မှ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃) ကို ဇူလိုင်လ ၃ ရက်နေ့မှ ၇ ရက်အထိ ပေါင်းလောင်းအားကစားခန်းမ၌ သင်တန်းသား/ သင်တန်းသူ ၂၅ ဦးအား အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းကေခိုင်မြတ်ထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်မော်တို့မှ သင်ခန်းစာ များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)