မြောက်ဥက္ကလာပ ဇူလိုင် ၅
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက စာပေချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်မြမြဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး Book Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “အမှန်တရားကို မြတ်နိုးသူ”စာအုပ်ထဲမှ အမှန်တရားကိုမသိ၍ ဒုက္ခပင်လယ်ဝေခဲ့ရပုံ၊ အမှန်တရားကို သိရှိရှာဖွေခံစားခဲ့ပုံ၊ အမှန်တရားကပေးတဲ့ ဘဝင်သင်ခန်းစာရရှိပုံများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်သူဇာက “ခေါင်းဆောင်မှု” အကြောင်းနှင့် Youth Club အဖွဲ့ဝင် မမေမြတ်ဇွန်က “ပညာနှင့်တူသောအလင်း”စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်မှပြသထားသည့် အမျိုးသမီးများအကြမ်းဖက်မှုနှင့် မူခင်းကာကွယ်ရေးအတွက် သိထားသင့်သည့်အချက်များစသည့် ဗီနိုင်းကိုပြသခဲ့ရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)