မန္တလေး၊ အောက်တိုဘာ ၁၂
မြန်မာနိုင်ငံတွင် ပထမဦးဆုံးကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ် အသိအမှတ်ပြုလက်မှတ် Good Animal Husbandry Practice (GAHP) ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးခြံ ဥစားကြက်ခြံနှင့် ဝက်မွေးမြူရေးခြံတို့ရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရေးဆွဲထားသည့် ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ် GAHP မှာ မွေးမြူသူတောင်သူများ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသောထုတ်ကုန်များ မွေးမြူထုတ်လုပ်လာနိုင်ရန်၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည်။
“GAHP အသိအမှတ်ပြုလက်မှတ်ကို ဥစားကြက်ခြံနဲ့ ဝက်မွေးမြူရေးခြံကိုပေးတာဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မန္တလေးက ပထမဆုံးရရှိတာ ဖြစ်ပါတယ်၊ ကောင်းမွန်တဲ့တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်ကို လိုက်ပါကျင့်သုံးခြင်းအားဖြင့် အရည်အသွေးကောင်းတဲ့ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ပစ္စည်းတွေ ထုတ်လုပ်ရရှိမှာဖြစ်ပါတယ်၊ စားသုံးသူတွေ ဘေးအန္တရာယ်ကင်းရှင်းလာနိုင်မှ ာဖြစ်ပါတယ်၊ မွေးမြူရေးခြံအလုပ်သမားတွေ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းလာမှာ ဖြစ်ပါတယ်၊ တိရစ္ဆာန်တွေရဲ့ စားသောက်နေထိုင်မှုဖြစ်စဉ် ဖွံ့ဖြိုးရေးလိုက်နာဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်၊ပတ်ဝန်းကျင်ထိခိုက်မှုလျော့ချလာနိုင်မယ်၊ ၊ဇီဝလုံခြုံမှုကောင်းမွန်လာပြီး ထုတ်လုပ်မှုတွေတိုးတက်လာပြီး ဝင်ငွေပိုမိုရရှိလာနိုင်မှ ာဖြစ်ပါတယ်၊ GAHP အသိအမှတ်ပြုလက်မှတ်တွေပိုင်ဆိုင်လာပြီး ဒေသတွင်းနဲ့ နိုင်ငံတကာသို့ တင်ပို့ရောင်းချလာနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိလာမှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ မောင်မောင်က ပြောသည်။
ရေးဆွဲထားသည့် GAHP များမှာ လက်တွေ့မွေးမြူသူများ လိုက်ပါမွေးမြူနိုင်ချေရှိ/မရှိ တိုင်းဒေသကြီးပြည်နယ်အသီးသီးတွင် ကွင်းဆင်းလေ့လာစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်အသိ အမှတ်ပြုလက်မှတ် GAHP ကို မန္တလေးတိုင်းဒေသကြီး မွေးမြူရေးခြံ ၂ ခုမှ ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဦးဆုံး GAHP အသိအမှတ်ပြုလက်မှတ်ရရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခြံနှစ်ခြံမှာ ပုသိမ်ကြီးမြို့နယ် ကြူဝန်းကျေးရွာရှိ Katec in Myanmar ဝက်မွေးမြူရေးခြံနှင့် ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာရှိ Mandalay Livestock Development Company (MLDC) ဥစားကြက်မွေးမြူရေးခြံတို့ဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်များကို အောက်တို ဘာလ ၆ ရက်နေ့က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးမှူးရုံးတွင် ထုတ်ပေးခဲ့သည်။
ထိပ်ထားနိုင်