ကျောက်ဆည်မြို့နယ်တွင် နဂါးမောက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇူလှိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ရွေကျေးရွာတွင် စိုက်ပျိုးထားသော နဂါးမောက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် နဂါးမောက်သီးနှံအနီမျိုး အပင်(၂)ထောင်စိုက်ပျိုးပါက ကုန်ကျစရိတ်အနေဖြင့် မျိုးပင်၊ စိုက်ပျိုးခ၊ ကွန်ကရစ်တိုင်နှင့် ငြမ်းစင်ပြုလုပ်ခြင်း အပါအဝင် ငွေကျပ် (၃၁၅) သိန်းခန့် ကုန်ကျကြောင်း တောင်သူ ဦးစံမြင့်က ပြောပြသည်။

နဂါးမောက်သီးနှံ စိုက်ပျိုးမည်ဆိုပါက နေရာင်ခြည်ကောင်းစွာရရှိစေရန်နှင့် အပင်ဖြာထွက်ပြီး အသီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် တစ်ပင်နှင့်တစ်ပင်(၆)ပေ၊ တစ်တန်းနှင့်တစ်တန်း(၇)ပေအကွာ၊ (၂)ပေ အကျယ်၊ (၂)ပေအနက်မြေကျင်းများတူးပြီး သဘာဝမြေဆွေးများထည့်ပြီး အစိုဓာတ်ရရှိစေရန် ရေများဖျန်းထားရပြီး မြေအနေအထားစိတ်ကြိုက်ဖြစ်ပါက အပင်များစတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးသက်တမ်း (၃)လအကြာ၌ အပင်ခြေများတွင် အာမိုမြေဩဇာနှင့် တီစူပါမြေဩဇာများ ရောစပ်ကာ ဟင်းစားဇွန်း(၅)ဇွန်းခန့် ဖြူးပေးရကြောင်း နဂါးမောက်ပင်သည် ရေကြိုက်နှစ်သဖြင့် မြေအစိုဓာတ်မပြတ်စေရန် ရေသွင်းပေးရကြောင်း၊ ရာသီဥတုပူပြင်းပါက အကိုင်းအခတ်များအား ရေဖျန်းပေးခြင်းဖြင့် အပင်ဖြစ်ထွန်းမှုပိုမိုကောင်းမွန်ကြောင်း သိရသည်။

နဂါးမောက်သီးနှံပင်များ ဖြစ်ထွန်းပါက စိုက်ပျိုးပြီးအပင်သက်တမ်း တစ်နှစ်အရွယ်တွင် စတင်ခူးဆွတ် ရောင်းချရကြောင်း၊ ခူဆွတ်ရောင်းချချိန်(၅)လခန့်အထိကြာမြင့်ပြီး ရောင်းချရာတွင်ဂျပ်ဖာများတွင် အသီးများထည့်ကာ သစ်သီးပွဲရုံသို့တင်ပို့ရောင်းချကြောင်း ရောင်းဈေးအနေဖြင့် အသီးအကြီးအသေး အပေါ်မူတည်၍ ဂျပ်ဖာတစ်ဖာအား ငွေကျပ်(၂)သောင်းမှ (၂)သောင်းငါးထောင်ကျပ်အထိ ဈေးအမျိုးမျိုး ရောင်းချရကြောင်း၊ ဂျပ်ဖာတစ်ဖာတွင် နဂါးမောက်သီး အလုံးကြီးပါက(၂၈)လုံး၊ အလုံးသေးပါက(၃၂)လုံး ဝင်ဆန့်ကြောင်း၊ အပင်အပြုအစုကောင်းပါက အပင်သက်တမ်း (၂၀)နှစ်အထိ ခူးဆွတ်ရောင်းချရ ကြောင်းလည်း သိရသည်။

သက်မောင် (ကျောက်ဆည်)