ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပုဏ္ဏားကျွန်း ဇူလိုင် ၄

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အတူ မြို့နယ်စံမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့၊ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် စာကြည့်တိုက်ဘက်စုံသုံးခန်းမတွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့်နေရာသို့ သွားရောက်ပြီး၊ ဆေးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ခေါက်ဆွဲခြောက်များ ပေးဝေလှူဒါန်းခဲ့ကြသည်။

ထိုနောက် မိုခါမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နှင့် ဦးရာဇ်တော်ဘုရားသို့ ဆက်သွယ်ထားသည့် ဦးရာဇ်မင်္ဂလာကြိုးတံတားအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းကြိုးတံတားမှာ အရှည် ၃၂၀ ပေ၊ တံတားအကျယ် ၇ ပေ ၆ လက်မ၊ တံတားအောက်ကင်းလွတ်အမြင့် ၁၃.၁၃၄ ပေရှိပြီး၊ နိုင်ငံတော်အစိုးရထံမှ ခွင့်ပြုငွေကျပ် (၇၉.၆၅၉ ကျပ်သန်း)ဖြင့် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် အဖွဲ့ဝင်သည် မိုခါမုန်တိုင်းဘေးဒဏ်သင့် တောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ စီမံလမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဝယ်ယူထောက်ပံ့ပေးသည့် ပေါ်ဆန်းရင်မျိုးစပါး (၈၄၀ တင်း)နှင့် GW-11 မျိုးစပါး (၇၂၉ တင်း)ကို မုန်တိုင်းဘေးဒဏ်သင့် ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ ဖြန့်ဝေထောက်ပံပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)