မိုင်းယု ဇူလိုင် ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသတွင်းရှိ ကုန်စုံဆိုင်နှင့် ဈေးဆိုင်များ လုပ်ငန်းလိုင်စင်ဆောင်ရွက်ထားခြင်းနှင့် သက်တမ်းတိုးထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းရှိ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များသို့ လိုက်လံစိစစ်စစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရာသို့ မြို့ခေတ္တအုပ်ချုပ်ရေးမှူးဦးရှိုင်းပိုင်မှူး၊ နယ်မြေခံစခန်းမှူး ရဲအုပ်နိုင်နိုင်ဝင်း၊ မြို့စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သောအဖွဲ့မှ ဒေသတွင်းရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အခြားလုပ်ငန်း အကြီးအသေးလုပ်ကိုင်နေသည့်ဆိုင်များအား မြို့စည်ပင်သာယာရေးဌာနမှ ခွင့်ပြုချက်ဖြစ် ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်များဆောင်ရွက်ထားခြင်း၊ သက်တမ်းတိုးထားခြင်း ရှိ/မရှိနှင့် အသစ်လျောက်ထားလိုသူများကလည်း လိုအပ်သည့်ထောက်ခံချက်အထောက်အထားများအပြည့်စုံဖြင့် လာရောက်လျှောက်ထားနိုင်ရေးတို့ကို လိုက်လံစိစစ်စစ်ဆေးခဲ့ကြသည်။
ကိုကိုနိုင်