စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဇူလိုင် ၄

စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး သိပညာဗဟုသုတများ အပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေးရည်ရွယ်ကာ စဉ့်ကိုင်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များကပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ "ဦးလည်မသုန်"စာအုပ်မှ "မိသားစုတန်ဖိုး"ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များက  မိမိတို့ဖတ်ရှုခဲ့ကြပြီးဖြစ်သည့်  စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့်  ဦးလည်မသုန်စာအုပ်ပါခေါင်းစဉ် အကြောင်းအရာ(၂၈)ခုမှ  ရေးသားတင်ပြမှုအစီအစဉ်များ၊ စာအုပ်ပါအကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ရေးသားချက်များက ပေးစွမ်းသည့် စာပေရသများကို စာဖတ်ဝိုင်းတက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များနှင့် Women Club အဖွဲ့ဝင်များမှ မိမိတို့၏ အမြင်ရှုထောင့်အမျိုးမျိုးမှ အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်