မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပ

ရန်ကုန်  ဇူလိုင် ၄

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်စာပေဟော ပြောပွဲအခမ်းအနားကိုယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပရာရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ရန်ကုန်တိုင်း ဒေသကြီးအမျိုးသမီး ကော်မတီဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးမှအရပ်ဖက်အမျိုး သမီးအဖွဲ့အစည်းများဖြစ်တဲ့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက် ရေးကြီးကြပ် မှုအဖွဲ့၊ အမျိုးသမီးနှင့်ကလေးများ ဘဝမြှင့်တင် ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ စာရေး ဆရာကြီး၊စာရေး ဆရာမကြီးများ၊ တိုင်းအဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖျော်ဖြေရေး အဖွဲ့ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များ၊ တက်ရောက်ကြသည်။

ဦးစွာအမှတ်(၄)မူလ တန်းကြိုကျောင်းရင်သွေး ငယ်လေးများမှ “ကောက်စိုက်ချိန်” ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ပြီး အမှတ်(၄)မူလတန်းကြိုကျောင်း ရင်သွေးငယ်လေးများအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ ဇနီးဒေါ်ဖြူဖြူစိန်က ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီး မြှင့်ခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ ဒေါ်ဖြူဖြူဥ(လေဒီဒိုင်းမွန်း)က “ တကယ်လှတဲ့ မိန်းမနှင့်လောကကို အလှဆင်ခြင်း အနုပညာ”ခေါင်းစဉ်ဖြင့် စာပေဟောပြော၍ အမျိုးသမီးကလေးများ သင်တန်း ကျောင်းမှ သမီးပျိုလေးများက  “မလေးလက်ခတ်သံ” သီချင်းဖြင့်ဖျော်ဖြေ တင်ဆက်ပြီးအမျိုး သမီးကလေး များသင်တန်းကျောင်းမှ သမီးပျိုလေးများအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးဒေါ်နီနီထွန်းမှ ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီး မြှင့်သည်။

ယင်းနောက်စာရေးဆရာ မမစန္ဒာက “မိန်းမတို့အကြောင်း” ခေါင်းစဉ်ဖြင့်စာပေဟော ပြော၍ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှလှပျိုဖြူလေး များက“တိုင်းရင်းပျိုမ ဒီလှဒေဝီShow"ဖြင့်ဖျော်ဖြေတင်ဆက်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှလှပျိုဖြူလေးများအား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်မှ ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်သည်။

ထိုနောက်စာရေးဆရာ မြင်းမူမောင်နိုင်မိုးက “အမေသာတစ်ခါပြုံးလျှင်ဖြင့် တစ်ကမ္ဘာလုံး လှနိုင်သည်။ ခေါင်းစဉ်ဖြင့် စာပေဟောပြောပြီးစာရေး ဆရာမြင်းမူမောင်နိုင်မိုး၊ စာရေးဆရာ မမစန္ဒာ၊ စာရေးဆရာမ ဒေါ်ဖြူဖြူဥ (လေဒီ-ဒိုင်းမွန်း)တို့ကိုရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ ဇနီးဒေါ်မော်မော်သန်းကဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)