မိုးနဲ ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဌာနဆိုင်ရာရုံးများ လုံခြုံရေးနှင့် ဝန်ထမ်းများ လုံခြုံရေးသတိပြုဆောင်ရွက်သွားကြရန်၊ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် သွားကြရန်၊ စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့်ပါဝင် ဆောင်ရွက်သွားရန်၊ တင်ဒါအောင်လုပ်ငန်းကုမ္ပဏီများ ရောက်ရှိလာပါက သတင်းပို့ ဆက်သွယ် ဆောင်ရွက်သွားရန်၊ ခရီးသွားဧည့်သည်များဝင်ထွက်သွားလာပါက ရပ်/ကျေးအုပ်ချုပ်ရေးမှူး များအနေဖြင့် သတင်းပို့ဆက်သွယ်နိုင်ရန်၊ကိုဗစ် ရောဂါကာကွယ်ဆေး အခြေခံပညာ ကျောင်း များ အလိုက်ထိုးနှံနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအလေးထားဆောင် ရွက်ကြရန်နှင့်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့အနေနှင့်ဆောင်ရွက်ပေးရန်ရှိပါက အချိန်မရွေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)