လားရှိုး ဇူလိုင် ၄
နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ဆောင်ရွက်ခဲ့သည်။
ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူရာသို့ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦး ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်နှင့်ဝန်ထမ်းများက အချက်အလက်ကောက်ယူခြင်း ဆောင်ရွက်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးသည်။
လားရှိုးမြို့၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းကို ဇူလိုင်လ ၃ ရက်နေ့တွင် ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၏ အချက်အလက်များကို စာရင်းကောက်ယူပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုသတ်မှတ် အစီအစဉ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)