ဟိုပုံး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် Physical Fitness Dance သင်တန်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်က သင်တန်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်၍ လုပ်ငန်းခွင်တွင် ပျော်မွေ့သောဝန်ထမ်းများဖြစ်လာစေရန်၊ ဒေသအတွင်း ဝန်ထမ်းများအားလုံး "Exercise is Medicine (EIM) ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး"လှုပ်ရှားမှုတွင် ပါဝင်လာစေရေးအထောက်အကူဖြစ်လာစေရန် ရည်ရွယ်ပြီး Physical Fitness Dance သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နေ့စဉ်လုပ်ငန်းခွင်ဝင်ရောက်သူများနှင့် မိသားစုဝင်များမှာလည်း ကျန်ရှိသည့် ကိုယ်ပိုင်အချိန်များတွင် မိမိတို့အိမ်၌ တီဗွီဇာတ်လမ်းတွဲများ ကြည့်ရှုခြင်း၊ မိုဘိုင်းဖုန်းများ အသုံးပြု၍ ဂိမ်းဆော့ခြင်းနှင့် Social Network များ အသုံးပြုခြင်းများကြောင့် လူအများစုမှာ အထိုင်များလာခြင်း၊ ကိုယ်လက်မအီမသာ ထိုင်းမှိုင်းလာခြင်းနှင့် ကိုယ်လက်လှုပ်ရှား မှုပြုလုပ်ရန် ကိုယ်ပိုင်အချိန်မရှိသလောက် ရှားပါးလာသည်ကို တွေ့မြင်လာရတာသည်နှင့်အမျှ မကူးစက်နိုင်သော ရောဂါကြီးများဖြစ်သော သွေးတိုး၊ ဆီးချို/သွေးချို၊ နှလုံးရောဂါ၊ ကင်ဆာအမျိုးမျိုး၊ အဝလွန်ရောဂါ၊ အရိုးပွရောဂါ၊ စိတ်ကျရောဂါစသော ရောဂါအမျိုးမျိုးကို ဖြစ်ပွားလာနိုင်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး”ဆိုသည့်အတိုင်း ကိုယ်လက်လှုပ်ရှားမှုကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်ခြင်း၊ ကုသခြင်းပြန်လည်ထူထောင်ခြင်းနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုတိုးတက်၍ ရောဂါပိုးမွှားများကို ခုခံတွန်းလှန်နိုင်စွမ်းကို မြင့်တက်ခြင်း စသော အကျိုးကျေးဇူးများရရှိနိုင်ကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်က Physical Fitness Dance သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်ကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုမိုမောင်တို့ကို အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ(၃) ရက်နေ့မှ ဇူလိုင်လ(၁၇)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)