သဖြူဇရပ် ဇူလိုင် ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံလေ့ကျင့်ရေးသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သံဖြူဇရပ်အောင်သာယာရပ်ကွက် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မိုးလွင်က မီးငြှိမ်းသတ်ရေးနှင့်သဘာဝဘေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင်ကျော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ လက်တွေ့ပို့ချပေးမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦးက သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား (၃၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို ဇူလိုင် ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)