ပုဇွန်တောင် ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေးအသိပညာပေး Talk Show ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အမျိုးသမီး အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး သိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးရာ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စီစီချိုက ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအမျိုးမျိုးအကြောင်း၊ အမျိုးသမီးများအကြမ်းဖက်မှုခံရခြင်းမှ လျော့နည်းသွားစေရန် ကာကွယ်ရမည့် နည်းလမ်းများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲတို့ကို လစဉ် Facebook Page များတွင် စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ဟန်စုယဉ် (ပြန်/ ဆက်)