ပုဏ္ဏားကျွန်း ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျောင်းအခြေပြု အသက်(၅)နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များကြီးကြပ်ပြီး၊ ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ကျန်းမာရေးသူနာပြုဆရာမတို့က မိဘအုပ်ထိန်းသူတို့၏ ခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများလာရောက် ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များကို အာဟာရနို့မုန့်ခြောက်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)