မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မော်လမြိုင် ဇူလိုင် ၄

မွန်​ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတို့မှ ကျောင်သူများနှင့် သင်တန်းသူများ၊ ထူးချွန်ဆုရရှိကြသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာလုပ်ငန်းများ၏ အရေးကြီးမှုကို ပြည်သူလူထုမှ သိရှိနားလည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်ပြီး နှစ်စဉ်နှစ်တိုင်းအမျိုးသမီးများနှင့်ပတ်သက်သော အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းမှစ၍  ကျား၊ မ မခွဲခြားဘဲ တန်းတူညီမျှ တိုးမြှင့်နိုင်စေရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး ဒေသတွင်းအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ကဏ္ဍ​ပေါင်းစုံမှ ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သည့် အမျိုးသမီးများကို ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသလို အမျိုးသမီးကော်မတီရဲ့ဦးဆောင်မှုအောက်မှာ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို တက်ကြွစွာလုပ်ဆောင်သွားကြရန်လည်း လိုအပ်ကြောင်း၊ မြို့ပြ၊ ကျေးလက်မကျန်အရပ်ဒေသအသီးသီးမှာနေထိုင်ကြတဲ့ အမျိုးသမီးများအားလုံးဟာ မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်စွမ်းသော၊ စွမ်းဆောင်ရည်မြင့်မားသော၊ အမှီအခိုကင်းစွာဖြင့် မိမိကိုယ်ကိုမိမိယုံကြည်ချက် ခိုင်မာစွာရပ်တည်နိုင်သော၊ ကမ္ဘာကြီးကို ကိုင်လှုပ်မယ့်လက်များအဖြစ် ကမ္ဘာ့နိုင်ငံများအလယ်ဂုဏ်ကျက်သရေရှိသော မြန်မာအမျိုးသမီးများအဖြစ် ဝင့်ထယ်စွာရပ်တည်နိုင်ပါစေကြောင်းဖြင့် ဆုမွန်တောင်းအပ်ပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် Video clip အား ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ မွန်ပြည်နယ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသည့် အမျိုးသမီးများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၏ ကျောင်းသူလေးများမှ Fitness Dance ဖြင့် လည်းကောင်း၊ မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၏ ကျောင်းသူလေးများမှ “ ပြည့်ရတနာ “တေးသီချင်းဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မော်လမြိုင်မြို့၊ အမှတ်(၃) မူလတန်းကြိုကျောင်း၏ သမီးငယ်လေးနှင့် အဖွဲ့မှ “ သဘင်သည်မလေးနှင်းဆီ “ တေးသီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ဖျော်ဖြေတင်ဆက်ပေးခဲ့ကြသည့် ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)