မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကွင်းဆင်းပေးအပ်

မလှိုင် ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်အုပ်ကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ အုပ်ဖိုကန်ကျေးရွာရှိ မိုးစပါးစိုက် သမဝါယမအသင်းသား တောင်သူများနှင့် ကျပ်ဆည်ကျေးရွာအုပ်စု ဆပ်ခင်းကြီးကျေးရွာ တို့မှ MSME လုပ်ငန်းရှင်များအတွက် ရန်ပုံငွေများကို ဇွန်လ ၃၀ ရက်နေ့၊ နံနက်(၁၀)နာရီခွဲအချိန်က လုပ်ငန်းတည်ရှိရာသို့ တစ်ဦးချင်း လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ နံနက်(၁၀)နာရီခွဲအချိန်တွင် ကျပ်ဆည်ကျေးရွာအုပ်စု၊ ဆပ်ခင်းကြီးကျေးရွာ၊ အသေးစား၊ အလတ်စား (ဝါဂွမ်းကပ်) လုပ်ငန်းရှင် အစုအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ချေးငွေထုတ်ချေးပေးမည့် အစီအမံများနှင့် ချေးငွေရယူသူများအနေဖြင့် သတ်မှတ်ကာလတွင် အပြေအကျေပြန်လည် ပေးဆပ်သွားရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်မှ လုပ်ငန်းရှင်များအား ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ချေးငွေအထောက်အပံ့များ ထုတ်ပေးခဲ့သကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ပေးဆပ်ရမည့်ကာလတွင် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ယင်းနောက် (ဝါဂွမ်းကပ်) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

 ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ (၁)နာရီအချိန်တွင် အုတ်ဖိုကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မိုးစပါးစိုက် သမဝါယမ အသင်းသား တောင်သူများနှင့် အစုအဖွဲ့လိုက်တွေ့ဆုံပြီး မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးဇော်လင်းကိုက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား သမဝါယမကဏ္ဍမှရယူ၍ သမဝါယမကန်ထရိုက်လယ်ယာစနစ်ဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးစပါး(၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့်ညီမျှသော သွင်းအားစုများဖြစ်သည့် စန်းဝတီသဘာဝမြေသြဇာ၊ ပုလဲဓာတ်မြေသြဇာနှင့် အာမိုကွန်ပေါင်း ဓာတ်မြေသြဇာများကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များကိုလည်း မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ပြန်လည်ပေးသွင်းရမည့် သတ်မှတ်ကာလတွင် အပြေအကြေပေးသွင်းသွားရန် မှာကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့(၂) ဦးအောင်ကျော်သူ၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဦးဇော်လင်းကိုတို့က တောင်သူတစ်ဦးချင်းအား သွင်းအားစု ဖြစ်သည့် ဓာတ်မြေသြဇာများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါနေ့က ဆပ်ခင်းကြီးကျေးရွာမှ (ဝါဂွမ်းကပ်)လုပ်ငန်းရှင် (၁၀) ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သိန်း(၁၀၀)နှုန်းဖြင့် ငွေကျပ်သိန်း (၁၀၀၀)တို့ကို ထုတ်ချေးပေးခဲ့ပြီး ညောင်အုပ်၊ မြို့ကုန်း၊ အုပ်ဖိုကန်ကျေးရွာ(၃)ရွာရှိ သမဝါယမအသင်း(၃)သင်းမှ အသင်းသား တောင်သူ(၈၄)ဦး၏ စိုက်ဧက (၁၉၈)ဧကအတွက်ပံ့ပိုးချေးငွေ(၃၉.၆)သန်းနှင့်ညီမျှသောသွင်းအားစု ဓါတ်မြေသြဇာများကို လက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး ( မလှိုင် )