မိုင်းကိုင် ဇူလိုင် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့မနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အတွင်းရှိ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြိုးက မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးဟောပြောပြီးနောက် ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က အမျိုးသမီးအခွင့်အရေးဆိုင်ရာနှင့် ဥပဒေအကြောင်းအရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် ဆင်းရဲနွမ်းပါး ကျောင်းသား၊ ကျောင်းသူ ၅ ဦးအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း၊ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဖွား ၃ ဦးအား ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်းများဆောင်ရွက်ကာ မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)