အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာလေ့ကျင့်ရေးသင်တန်းဖွင့်လှစ်

ကျိုက်မရော ဇူလိုင် ၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျိုက်မရောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးကျော်က သင်တန်းဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏လေ့ကျင့်ရေးစီမံချက်အရ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၈ အုပ်စုမှ ထပ်မံတိုးချဲ့ဖွဲ့စည်းရရှိသော အရန်မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်သောဘာသာရပ်များ၊ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်ကျွမ်းကျင်စေရန် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်တန်းပြီးမြောက်အောင်မြင်သည်အထိ တက်ရောက်ပေးကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနော်ခမ်းမှ အမှာစကားပြောကြားပြီး မီးသတ်ဦးစီးမှူးကိုယ်စားဒုမြို့နယ်မီးသတ်ဦးစီးမှူး  ဦးဖြိုးဝေအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်လေ့ကျင့်ရေး အစီအမံများကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဇူလိုင်လ ၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ အခြေခံမီးသတ်ပညာ၊ အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ရှေးဦးသူနာပြုစုခြင်းဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား(၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)